Read the English version of the story here.

တနင်္သာရီ သဘာဝသစ်တောကြိုးဝိုင်းအတွင်းရှိ ချောင်းလေးမှာ ချိုင့်ခွက်ပေါင်းများစွာ၊ တွင်းပေါင်းများစွာဖြင့် ပျက်စီးလာနေပြီး တစ်နေ့တစ်ခြား ပျက်စီးသည့် ဧရိယာမှာ သိသိသာသာ ပိုမိုကျယ်လာနေသည်။

ယင်းချောင်းလေးမှာ အာဏာသိမ်းပြီးနောက်ပိုင်း အချိန်တိုအတွင်းမှာပင် လုံးဝပျက်စီးသွားခြင်းဖြစ်သည်။

လက်နက်ကိုင် အဖွဲ့များဖြင့် ပူးပေါင်းကာ လုပ်ဆောင်နေသည့် တရားမဝင် ရွှေတူးလုပ်ငန်းများမှာ စိတ်ရှိတိုင်း လုပ်နေကြခြင်းကြောင့် ယင်းသို့ ကာလတိုအတွင်း မြန်မြန်ဆန်ဆန်ပျက်စီး သွားခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံထက် နှစ်ဆကျော်ကျယ်ဝန်းသည့် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ ဇင်းဘာချောင်းမှာ ချောင်းပုံသဏ္ဏာန် မရှိတော့ဘဲ လမျက်နှာပြင်ကဲ့သို့ ဖြစ်သွားသည်။

Tanintharyi Nature Reserve
Source: Mapbox

ဒေါ်လာသန်းချီသုံး စီမံကိန်း

ဧကလေးသိန်းနှစ်သောင်းကျော် (၄၂၀၀၇၇ ဧက) ကျယ်ဝန်းသည့် အဆိုပါသဘာဝကြိုးဝိုင်းကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံထိန်းသိမ်းထားခြင်းဖြစ်သည်။

ယင်းကြိုးဝိုင်းမှာ ထားဝယ်ခရိုင်အတွင်းတည်ရှိပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသည်။ ယခုအချိန်တွင် အတားအဆီးမဲ့ ရွှေတူးနေကြသည့် ယင်းတနင်္သာရီ သဘာဝကြိုးဝိုင်း ဖြစ်မြောက်အောင်မြင်ရေးအတွက် ၁၆ နှစ်တာ ကာလအတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၆ သန်း အသုံးပြုထားရသည်။

အဆိုပါငွေကြေးကို နိုင်ငံတကာကုမ္ပဏီကြီးအချို့က ထည့်ဝင်ထားခြင်းဖြစ်သည်။

ထိုစီမံကိန်းအတွက် ထောက်ပံ့သည့်ကုမ္ပဏီများမှာ တနင်္သာရီ ကမ်းလွန်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ရောင်းချနေသော ကံပေါက်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ဆက်စပ်ကုမ္ပဏီများဖြစ်သည့် မုတ္တမဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ(MGTC)၊ တနင်္သာရီပိုက်လိုင်းကုမ္ပဏီ(TPC)၊ အက်ဒမန် ပို့ဆောင်ရေးလီမီတက်(ATL) တို့ဖြစ်သည်။

ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးလမ်းမှာ လက်ရှိရွှေ‌တူးဖော်နေသည့် ဇင်းဘာချောင်းတစ်လျှောက် ကပ်နေသည်။

ဒေါ်လာခြောက်သန်း အသုံးပြုပြီး ထိန်းသိမ်းနေသည့် အဆိုပါသဘာဝကြိုးဝိုင်းကို အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်ရန် ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက လျှောက်ထားခဲ့သည်။

အရပ်သားအစိုးရဖြစ်သည့် NLD အစိုးရလက်ထက်တွင် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကတည်းကပင် သဘာဝကြိုးဝိုင်းအတွင်း ရွှေခိုးတူးမှုများနှင့် တရားမဝင်သစ်ထုတ်လုပ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေခဲ့သည်။

ပျက်စီးသွားသည့် ဇင်းဘာချောင်းမှာ ထားဝယ်မြစ်အတွင်းသို့စီးဝင်သည့် ချောင်းတစ်ခုဖြစ်ပြီး ကလိန်အောင်မြို့ အရှေ့ဘက်တွင် တည်ရှိသည်။ လက်ရှိတွင် ဇင်းဘာချောင်းဖျားတစ်လျှောက် ၁၆ မိုင်ခန့်ရှည်သည့် ရွှေလုပ်ကွက်များရှိနေပြီး ချောင်းမှာလုံးဝပျက်စီးသွား ပြီဖြစ်သည်။

Tanintharyi mining
Gold miners have transformed Zimbar Creek within Myanmar’s southern Dawei district, part of the highly prosperous Tanintharyi Nature Reserve, into a landscape reminiscent of the moon’s surface. PHOTO: TNR Officer / Dawei Watch

အဆိုပါသဘာဝကြိုးဝိုင်းဧရိယာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်သလို စစ်ကောင်စီတပ်စခန်းများလည်းရှိသည်။

စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များရှိနေသည့် အခြေအနေများကြောင့် ရွှေတူးနေသည့်နေရာတစ်ဝိုက်ကို ၎င်းတို့နှင့်အချိတ်အဆက်မရှိဘဲ အပြင်လူဝင်ဖို့အရေး မဖြစ်နိုင်ကြောင်း ဇင်းဘာရွာသားတစ်ဦးက ပြောသည်။

“KNU ကော်သူးလေတွေ ရှိတာပေါ့၊ စစ်တပ်(စစ်ကောင်စီတပ်)လည်းရှိတယ် သူတို့လည်းရှိတယ်”ဟု အထက်ပါ ဒေသခံက ဆိုသည်။

တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းကို ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

အပူပိုင်းမုတ်သုံသစ်တောကြီးနှင့် ရှားပါးတောရိုင်း တိရစ္ဆာန်များ ၊ သဘာဝအပင်မျိုးစိတ်များအား ကာကွယ်ရန် ရည်ရွယ်ဖွဲ့စည်းထားသည်ဟု စီမံကိန်းအချက်အလက်များအရ သိရသည်။

လမျက်နှာပြင် ချောင်းကလေး

Dawei Watch က လေ့လာပြုစုထားသည့် ဂြိုဟ်တုဓာတ်ပုံများအရ ၂၀၁၉ ခုနှစ်က အဆိုပါချောင်းတစ်လျှောက် အဓိကလုပ်ကိုင်နေသည့် ရွှေလုပ်ကွက် ၄ ခုသာရှိပြီး အကျယ်အဝန်းဧက နှစ်ရာခန့်(၁၈၂ ဧက) ရှိခဲ့သည်။

အာဏာသိမ်းပြီးချိန် ၂ နှစ်ကျော်ခန့်အကြာ (၂၀၂၃ ခုနှစ်) တွင်မူ အထက်ပါအအကျယ်အဝန်း၏ ၁၀ ဆခန့်တိုးသွားပြီး ဇင်းဘာချောင်းရိုးပုံပါ ပျောက်သွားကာ ရွှေလုပ်ကွက်အားလုံး တစ်ဆက်တစ်စပ်တည်းဖြစ်သွားခဲ့သည်။

ဂြိုဟ်တုဓာတ်ပုံများအရ  ရွှေခိုးတူးသည့် ဧရိယာမှာ တစ်နှစ်ထက်တစ်နှစ် ကျယ်ပြန့်လာပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဧက ၁၇၀၀ ကျော်(၁၇၃၈ ဧက)အထိ ဖြစ်လာသည်။ ယင်းမှာ ဘောလုံးကွင်းပေါင်း ၁၃၁၆ ကွင်းနှင့် ညီမျှသော အကျယ်အဝန်းဖြစ်သည်။

ယင်းဓာတ်ပုံများအရ ရွှေတူးသည့်ဧရိယာမှာ ထိုင်းနယ်စပ်ဖြစ်သည့် နတ်အိမ်တောင်ရွာအနီးသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ချောင်းအတွင်း ရွှေတူးလုပ်ကွက်နှင့် အပြိုင် ပိုက်လိုင်းထိန်းသိမ်းလမ်း၏ အပေါ်ပိုင်းတွင် လူနေတဲများကိုပင် မြေပုံအတွင်း ထင်ရှားစွာ မြင်နေရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါကြိုးဝိုင်းအတွင်း ရွှေခိုးတူးသူပိုများလာပြီး လုပ်ကွက်အကျယ်အဝန်းမှာလည်း ပိုမိုကြီးမားကျယ်ပြန့်လာနေကြောင်း ဒေသခံအချို့က Dawei Watch ကိုပြောသည်။

အဆိုပါချောင်းတစ်လျှောက် ရွှေရှာသည့်လုပ်ငန်းမှာ ယခုမှ လုပ်ကိုင်နေခြင်းတော့ မဟုတ်ပေ။

ယခင်ကလည်း ရွှေဖောင်များဖြင့် တစ်နိုင်တစ်ပိုင်‌လုပ်ကိုင်သူများရှိနေခဲ့သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများအပေါ် ရိုက်ခတ်မှု သိပ်မရှိလှပေ။

၂၀၁၉ ခုနှစ်ခန့်မှစကာ တိုင်းဒေသကြီးပြင်ပမှ စီးပွားဖြစ်ရွှေတူးသူများရောက်လာပြီး စက်ယန္တရားကြီးများဖြင့် လုပ်ကိုင် လာကြသည်။

လက်ရှိတွင် ရွှေတူးဖော်နေသည့် အလုပ်သမား ရာဂဏန်းအထိရှိနေပြီး အများစုမှာ မြန်မာနိုင်ငံအထက်ပိုင်း ရွှေကျင်ဒေသတစ်ဝန်း နေသူများကြောင်း ဇင်းဘာဒေသခံများက ဆိုသည်။

ထိုကဲ့သို့ ဇင်းဘာချောင်းဖျားတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကို ဒေသခံများကလည်း မနှစ်မြို့ကြပေ။

တောတောင်၏ ရှိရင်းစွဲ ဂေဟစနစ်များ ထိခိုက်ပျက်စီးလာပြီး ဒေသခံများ သောက်ရေသုံးရေအဖြစ် အားထားနေရသည့် ဇင်းဘာချောင်းရေ နောက်ကျိလာပြီး သုံးစွဲမရဖြစ်လာခြင်းကြောင့်  ဒေသခံများက ကန့်ကွက်နေကြသည်။

“ရွှေလုပ်တာတော့ ကျွန်တော်တို့မကြိုက်ဘူးပေါ့နော်။ ဘာဖြစ်လို့မကြိုက်တာလဲဆိုတော့ စီးလာတဲ့ရေချောင်းက ကျွန်တော်တို့ဇင်းဘာရွာကလူတွေ သုံးတာပေါ့နော်။ ဇင်းဘာရွာမှာရှိတဲ့ရေချောင်းဟာ သုံးလို့မရဘူးပေါ့နော်။ ရေက ပျက်စီးသွားတယ်။ ပြီးတော့ရေက နောက်တယ်ပေါ့နော်။ သုံးလို့မရဘူး ချိုးလို့မရဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

KNU ၏ ထိန်းချုပ်ဧရိယာ

မြန်မာစစ်အစိုးရ လက်ထက် ၂၀၀၅ ခုနှစ်တွင် သတ်မှတ်ထားသော ယင်းကြိုးဝိုင်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) က အသိအမှတ်ပြုထားခြင်း မရှိပေ။ သစ်တောကြိုးဝိုင်းမဖြစ်လာမီ ၁၉၉၀ ပြည့်နှစ်များက သဘာဝဓာတ်ငွေ့ပိုင်းလိုင်း တည်ဆောက်ရေးအတွက် စစ်တပ်က စစ်ကြောင်းထိုးသဖြင့် ကရင်တိုင်းရင်းသား ကျေးရွာများ ရွှေ့ပြောင်းပြေးရခြင်း၊ ရွာသားများ သတ်ဖြတ်ခံရခြင်းတို့ ရှိခဲ့သည်။

“သူတို့က ကျွန်တော်တို့ KNU ကိုထိုးစစ်ဆင်ပြီးတော့ မြေပြင်မှာရှိတဲ့ကရင်ရွာတွေကို သူတို့အတင်းအဓမ္မပြောင်းရွေ့တယ်။ ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်တယ်။ သတ်တာတွေရှိတယ်၊ မုဒိန်းကျင့်တာတွေရှိတယ်”ဟု KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နားက Dawei Watch သို့ ပြောဆိုသည်။

“ပြီးတော့ အဲ့ဒီဧရိယာကို သူတို့က တနင်္သာရီသဘာကြိုးဝိုင်းဆိုပြီးအသိအမှတ်ပြုတယ်။ ဒါပေမယ့် ကျွန်တော် တို့အတွက်က ဒီပိုက်လိုင်းကြောင့် ရွာတွေပျက်တယ်။ လူတွေအသတ်ခံရတယ်။ သူတို့နေရာကနေ မောင်းထုတ်ခံရတာကြောင့် အဲဒါကြောင့် ကျွန်တော်တို့ တနင်္သာရီကြိုးဝိုင်းကို အသိအမှတ်မပြုဘူး” ဟု ပဒိုအယ်နားက ပြောသည်။

ရွှေတူးဖော်မှုနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အပါအဝင် တိုင်းအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ကန့်ကွက်စာ အကြိမ်ကြိမ်ပို့ခဲ့သော်လည်း အဟောသိကံ ဖြစ်သွားခဲ့သည်။ ဒေသခံများ၏ ကန့်ကွက်မှု အရာမထင်ဖြစ်နေခြင်းမှာ ရွှေတူးသည့်လုပ်ငန်းတွင် စစ်တပ်နှင့် KNU တို့ ပါဝင်ပတ်သက်နေခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံများက ယုံကြည်နေကြသည်။

ဒေသခံအချို့ ထင်မြင်နေကြသည့် စစ်ကောင်စီနှင့် KNU ပူးပေါင်းပြီး ရွှေတူးလုပ်ငန်းများ ခွင့်ပြုပေးနေသည်ဆိုသည့် အချက်မှာ မမှန်ကန်ကြောင်း ပဒိုအယ်နားက ငြင်းဆိုသည်။

အဆိုပါ ဒေသက KNU ထိန်းချုပ်နယ်မြေအတွင်းရှိသည့်အတွက် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ထား သည့်ကာလအတွင်း အစိုးရနှင့်သာ ညှိနှိုင်းပြီးလုပ်ရမည်ဖြစ်ကာ စစ်ကောင်စီတပ်နှင့် ညှိနှိုင်းစရာမလိုကြောင်း ၎င်းက ပြောသည်။

“အခုလောလောဆယ်တော့ တပ်နဲ့ညှိနှိုင်းစရာမလိုဘူး။ ဘာဖြစ်လဲဆိုတော့ သူတို့က ကျွန်တော်တို့ တရားဝင်လက်ခံထားတဲ့ အစိုးရလည်း မဟုတ်ဘူး။ တရားမဝင် အဲဒီအာဏာသိမ်းတဲ့ စစ်တပ်လို့ခံယူထားတော့ ကျွန်တော်တို့ ညှိနှိုင်းစရာလည်းမလိုဘူး”ဟု ပဒိုအဲနာက ဆိုသည်။

Tanintharyi Nature Reserve
A road was cut through Tanintharyi Nature Reserve (TNR) in southern Myanmar which hosts one of the largest areas of evergreen tropical rainforest in Southeast Asia. PHOTO: TNR Officer / Dawei Watch

စစ်ကောင်စီတပ်က အခငွေကြေးယူပြီး လုပ်ခွင့်ပေးနေသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍မူ တနင်္သာရီတိုင်းစစ်ကောင်စီထံ  မေးမြန်းခွင့်မရသေးပေ။

သို့သော်လက်တွေ့လုပ်ကိုင်နေသူများ၏ အဆိုအရမူ အဆိုပါ ချောင်းတစ်လျှောက်ရွှေတူးမည်ဆိုပါက စစ်တပ်အပါဝင် လက်နက်ကိုင်တပ်ဖွဲ့များကို ငွေကြေးပေးဆောင်ရပြီး ပေးရသည့် ပမာဏာမှာလည်း အစားစားရှိသည်ဟု ဆိုသည်။

ချောင်းကမ်းတစ်လျှောက် ရွှေတူးမည့် မြေကွက်အကျယ်အဝန်းအပေါ် မူတည်ပြီး လက်နက်ကိုင်တပ်များကို ငွေကြေးပေးဆောင်ရသလို ရလာသည့်ရွှေပမာဏအပေါ် မူတည်ပြီးလည်း ပေးရသည်ဟု ကလိန်အောင်မြို့ခံတစ်ဦးက ဆိုသည်။

လက်လုပ်လက်စားတစ်ယောက်ကို  လစဉ်ကြေးအဖြစ် ငွေကျပ်တစ်သောင်းမှစ၍ ရွှေတစ်ပိဿာရပါက တစ်ဆယ်သားပေးရသည့် ပုံစံလည်းရှိကြောင်း ၎င်းကပြောသည်။

လုပ်ကွက်အကြီးများမှာမူ တူးမည့်စက်ယန္တရားအပေါ်မူတည်ကာ ကျပ်သိန်းနှစ်ဆယ်မှ သိန်းငါးဆယ်အထိ လစဉ်ကြေးပေးရသည်ဟု ဆိုသည်။

“လုပ်ကွက်ရော လက်လုပ်လက်စားရော မိချောင်းလှောင်(ရွာ) က KNU လူကြီးဆီမှာ လက်မှတ်လုပ်ရတယ်” ဟု အထက်ပါ ကလိန်အောင်မြို့ခံက ပြောသည်။

အဆိုပါ သဘာဝကြိုးဝိုင်းမှာ KNU ထိန်းချုပ်နယ်မြေအတွင်းရှိသည့်အတွက် ထိုက်သင့်သည့် အခွန်အကောက်ကို ပေးရမည်သာဖြစ်ကြောင်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်၏ အတွင်းရေးမှူးပဒိုအယ်နားက Dawei Watch ကို ပြောသည်။

“ကျွန်တော်တို့က ဒေသခံခွင့်ပြုမှလုပ်ရတယ်။ သူတို့လုပ်တဲ့အပိုင်းမှာ သူတို့ကကိုယ်တိုင်လုပ်တယ်၊ အကျိုးကို သူတို့ရတယ်။ ဒါပေမဲ့ KNU အဖွဲ့အစည်းကိုတော့သူတို့က အဲဒီအခွန်အကောက်တွေတော့ သူတို့က ပေးရမယ်လေ။ အဲဒါအစိုးရသဘောနဲ့ဆိုင်တဲ့ လုပ်ငန်းတွေပဲ” ဟု ပဒိုအယ်နားက ဆိုသည်။

သို့ရာတွင် လက်လုပ်လက်စား တနိုင်တပိုင်လုပ်နေသူများကို ကောက်ခံခြင်းမရှိဘဲ စက်ယန္တရားများဖြင့် လုပ်နေသူများထံမှသာ ကောက်ခံကြောင်း ၎င်းက ပြောသည်။

ထိန်းမနိုင်

၂၀၁၉ ခုနှစ်က တာဝန်ရှိဌာနဆိုင်ရာများနှင့် စစ်တပ်က စစ်ကြောင်းထိုးဝင်စစ်ရန် ပြင်ဆင်နေချိန်တွင်ပင် သတင်းပေါက်ကြားသဖြင့် ကြိုတင်ရှောင်တိမ်းသွားကြပြီဖြစ်သည်။

ရွှေတူးသည့်နေရာသို့ သက်ဆိုင်ရာဌာနများ သွားရောက်စစ်ဆေးချိန်တွင်မူ လူသူမနေတော့သည့် တဲများ၊ ရေစုပ်စက်အချို့နှင့် အသုံးမပြုတော့သည့် ဆီတိုင်ကီကဲ့သို့ ပစ္စည်းအဟောင်းများသာ ကျန်ခဲ့သည်။

ယင်းအချိန်ကတည်းကပင် ကြိုးဝိုင်းအတွင်း ရွှေတူးဖော်နေခြင်းကို တားဆီးနိုင်ခြင်းမရှိဘဲ လက်လျှော့ထားရကြောင်း တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း(TNRP) ဥယျာဉ်အုပ်ချုပ်ရေးမှူးက ဝန်ခံထားသည်။

သို့သော် စစ်တပ်အာဏာသိမ်းပြီး ချိန်တွင်မူ ရွှေတူးသူတို့ စိတ်ကြိုက်ဖြစ်သွားခဲ့ပြီဖြစ်သည်။ KNU နှင့် စစ်ကောင်စီတပ်တို့ ကြီးစိုးထားသည့် နေရာဖြစ်ခြင်းကြောင့်လည်း ရွှေတူးသူများကို ထိန်းနိုင်မည့်သူ မရှိတော့။

လက်ရှိတွင် ဇင်းဘာချောင်းဖျားတစ်လျှောက် ရွှေခိုးတူးသူများက ထိန်းချုပ်ထားပြီး စိတ်ကြိုက်လုပ်ဆောင်နေပြီဖြစ်သည်။

သစ်တောနှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးကလည်း သဘာဝအတိုင်းရှိနေသည့် ကြိုးဝိုင်းအတွင်း ရွှေတူးဖော်မှုများက ဂေဟစနစ်ကို အကြီးအကျယ်ပျက်စီးစေကြောင်း ယခုလိုမှတ်ချက်ပြုသည်။

“ပြုန်းတီးမှုရဲ့ အကျိုးဆက်ကတော့ အများကြီးပေါ့ဗျာ။ ချောင်းအောက်မှာ သုံးနေတဲ့လူတွေအတွက် ရေသန့်ရှင်းမှုတွေမှာပါ လာထိခိုက်တာပေါ့ဗျာ။ ရေအရင်းအမြစ်ပေါ့။ ကျန်တဲ့ဆိုးကျိုးတွေကတော့ အများကြီးပေါ့။ ဒါတွေက ပြောလို့တောင် ကုန်မှာမဟုတ်ဘူး”


This story was first published by Dawei Watch, a local news agency covering the Tanintharyi region. Mekong Eye provided editorial support for the English translation of the story.

About the writer
Avatar photo

Dawei Watch

Dawei Watch is an independent news agency based in Dawei of Myanmar. Its coverage focuses various issues from politics, human rights to environment in southern part of the country.